÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ရှေးကနေ ပုဂ္ဂိုလ်ကြီးတွေ တရားလေ့လာတဲ့ပုဂ္ဂိုလ်က ဟောတယ်။
လူတွေက မစဉ်းစားဘဲ သုတမရှိတော့ ----
ငါသေရင် နိဗ္ဗာန် ရမယ်-ဒီလို ပုတ်ပြတာကိုး ။
ဟာ မရပါဘူး-(ကြားလား)-ဟိုကလူတွေကလေ။
သူကြွားတာ ဒီလိုမယူဘူးလား။
ငါသေရင် နိဗ္ဗာန်ရမယ်လို့ ပြောတာလေ ။
ငါဆိုတဲ့ ဒိဋ္ဌိငါပြုတ်ဖို့ မလိုဘူးလား။
တဏှာငါပြုတ်ဖို့ မလိုဘူးလား။
မာနငါပြုတ်ဖို့ မလိုဘူးလား။
အဲဒီငါ-သေရင် လို့ပြောတာ။
သူတို့က နားမထောင်တတ်တော့ကာ....
မဟုတ် မဖြစ်ဘူးလို့ပြောတော့တာ။
ကဲသူပြောတာက ငါသေရင်လို့ ပြောတာနော်။
ဒိဋ္ဌိငါ သေဖို့လိုတာပေါ့ ၊တဏှာငါသေဖို့ လိုတာပေါ့။မာနငါသေဖို့ လိုတာပေါ့။
ငါတလုံးအရေးကြီးတယ်။
ဒိဋ္ဌိငါပြုတ်ရင် တဏှာငါက အလိုလို ခြောက်သွေ့ပြီးသားကွဲ့။
ရှေးပညာရှိတွေ ဘယ်လို ဥပမာပေးလို့ ဟောသလဲ-ဘယ်လောက်များ အားရစရာကောင်းသလဲကွယ်။
လယ်တကွက်မှာ ပျိုးတရာလောက်။
အဲဒီလယ်ကကောင်းတော့ စပါးက လေးရာလောက်ထွက်တယ် အဲဒီမှာ ကတွတ်ပေါက် ။လယ်ထဲကို ရေဝင်တဲ့ ကတွတ်ပေါက် မရှိဘူးလား။ အဲဒီ ကတွတ်ပေါက်က ရေသွင်းရတာကိုး။
အဲဒီကတွတ်ပေါက်ကို ပိတ်လိုက် ။ပိတ်လို့ လုံအောင် ပိတ်မယ်ဆိုရင် နောက်ထပ်မိုးသာ မရွာဘူးဆိုရင် လယ်ထဲမှာ ရေတွေဟာ ခမ်းမလား-မခမ်းဘူးလား။ အလိုလို ခမ်းနိုင်တယ်နော်။
ဒိဋ္ဌိငါတလုံးသာ တကယ်ပြုတ်ရင် တဏှာ ငါ မာနငါ အလွယ်လေးပါကွဲ့။စိစစ်ဖို့ မကောင်းဘူး လား။
ဝိသာခါတို့ အနာထပိဏ်သူဌေးတို့ ဗိမ္ဗိသာရမင်းကြီးတို့ဘုံစဉ်စံမို့လို့ ခုနှစ်ဘဝကွဲ့နော်။ ဓမ္မဒိန္နာတို့ကျတော့ တဘဝနဲ့မရဘူးလား။
အဲဒီဘက်ကို မိမိက မျက်နှာလွဲလိုက်ရင်= ခန္ဓာဘက်ကို လှည့်လိုက်ရင် တရားကဆောင်ရွက်သွားတော့တာကွဲ့နော်။ ယောဂီတာဝန်က ဒိဋ္ဌိပြုတ်ဖို့ အဓိကကွဲ့။ ဥာတပရိညာလိုတယ်ကွဲ့။ဥာတပရိညာဆိုရင် တီရဏပရိညာပေါ်တော့တာကွဲ့။ တီရဏပရိညာ ပေါ်ကတည်းက ပဟာနပရိညာ ကပ်ပြီးပြီကွဲ့။
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော် ဘုရားကြီး
အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ
(၄-၂-၂၀၀၁/နေ့-၂နာရီ)
(-ဂန့်ဂေါမုံလယ်တောရ)
♧♤♤♤♤♧
https://www.facebook.com/pages/ကျေးဇူးတော်ရှင်-မုံလယ်ဆရာတော်ကြီး-ဟောကြားတော်မူခဲ့သောတရားတော်များ/1596325990614582?ref=bookmarks
No comments:
Post a Comment