Wednesday, July 22, 2015

အိမ်စွဲ ဥပါဒါန်


🏡🏡🏡🏡🏡

သက္ကာယဒိဋ္ဌိ ဖြုတ်တဲ့နေရာမှာ .....
ဥပမာလေးတွေ လိုတယ်နော်။

ရွာနဲ့ ပတ်သက်တော့လည်း...ရွာစွဲ ဥပါဒါန်ပေါ့။
မြို့နဲ့ပတ်သက်တော့လည်း ...မြို့စွဲ ဥပါဒါန်ပေါ့ကွဲ့။
အိမ်နဲ့ပတ်သက်တော့လည်း ...အိမ်စွဲ ဥပါဒါန် မရှိဘူးလား။

ကိုယ့်အိမ်နဲ့ ကိုယ်နေရတာ ကောင်းပါတယ် ကွာလို့ မပြောဘူးလား။
ဆိုးဆိုး ကောင်းကောင်း သူများအိမ်မှာနေရတာ အားနာစရာပေါ့၊
ကိုယ့်အိမ်နဲ့ ကိုယ်နေရတာ စိတ်ချမ်းသာတယ်။
နေလို့ ဖြစ်တယ်နော်။
အိမ်စွဲ ဥပါဒါန်တွေ ကြားလား။

အိမ်တစ်အိမ်ကို မိမိက အချိုးကျကျ ဆောက်လုပ်ပြီးတော့...ထားကြည့်လိုက်နော်။
ပုံပန်းလည်း ကျမယ် သပ်သပ်ရပ်ရပ်လည်း ဖြစ်မယ် ဆိုခဲ့လို့ရှိရင်...
လမ်းနဲ့လည်း ကြုံမယ်ဆိုတော့ လှည့်ကြည့် လှည့်ကြည့် လို့....
များသောအားဖြင့် မကြည့်ကြဘူးလား။
ကိုယ်ကလည်း... အကြောင်းညီညွတ်ရင် ဒီအိမ်လေးတော့ သဘောကျတယ်။
ဒီပုံလေးတော့ ဆောက်ဦးမှာပေါ့၊
အိမ်စွဲ ဥပါဒါန်လေ။

အဲဒီအိမ်တလုံးကို စိတ်ထဲ ဉာဏ်ထဲက ...
အမိုးတွေ အကုန်လုံး ခွာပြီးတော့ ဖျက်ကြည့်လိုက်နော်။
နောက်... ထရံတွေ အကုန်လုံး ခွာကြည့်လိုက်နော်။
နောက် ..ထုပ် လျောက် ဒိုင်း မြှား တွေ အကုန်လုံး ဖြုတ်လိုက်တာပေါ့၊
နောက် ...ပြီးတဲ့အခါ တိုင်တွေ အကုန်လုံး တူးဆွပြီးတော့ နှုတ်ကြည့်လိုက်နော်။

နှုတ်ပြီးတော့ သပ်သပ်ရပ်ရပ် ပုံထားလိုက်တာပေါ့။
ကဲ အဲလို ပုံထားလိုက်တဲ့ အချိန်မယ်....အိမ်တွေ့သလား သစ်စုဝါးပုံတွေ့သလား။
သစ်စုဝါးပုံဘဲတွေ့တယ်နော်။

အိမ်ဆိုတာ သစ်စုဝါးပုံရဲ့ အမူအယာတွေပေါ့ကွဲ့။
သေချာချာ စဉ်းစားနော်။
တကယ်ရှိတာက အိမ်အစားစားလား သစ်စုဝါးပုံလား။
အိမ်စွဲ ဥပါဒါန် မချုပ်ဘူးလားဟေ့။
အိမ်ဆိုတာ နှုတ်ဖျား ပါးစပ်ဝမယ် ..ကြားလား။

အဲဒီ သစ်စုဝါးပုံလည်း...
ဘုရားပေးတဲ့ ဥာဏ်လက်နဲ့ကိုင်စမ်းကြည့်နော်။
သစ်စုဝါးပုံတွေ့မလား မာတာတွေ့မလား။
မာတာ သစ်စုဝါးပုံလား ပထဝီဓာတ်လား။
ပထဝီဓာတ်ဘဲ ရတယ်နော်။

မာတဲ့အရာဝတ္ထုကို သစ်စုဝါးပုံ ခေါ် ရင်...
အကုန်လုံး မာတာ ဟူသရွေ့ သစ်စုဝါးပုံ ခေါ်ရမှာပေါ့။
ဟိုနားက ကျောက်ခဲကြီးလည်း သစ်စုဝါးပုံ ခေါ်ရလိမ့်မယ်။
ဒီလိုကား ဖြစ်ပါ့မလားဟေ့။
မာတာ ပထဝီပေါ့ကွဲ့။

မာတယ်လို့ သိတာ သူငါလား ကာယဝိညာဏ်လား။
ကာယဝိညာဏ်က နာမ်တရားမရလား။
မာတာက ရုပ်တရားမရလား။
နာမ်ရုပ် နှစ်ပါးပေါ့။
သေချာချာလေ့လာနော်။
အဲလို စိစစ်ဖို့မကောင်းလား။

ဒါတော့ သစ်စုဝါးပုံတွေ့သေးရဲ့လား။
မတွေ့.... စွဲစရာလိုရဲ့လား။
မလိုဘူးပေါ့နော်။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး။
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ။

ရှေးတိပ်တရားတော် mc.29-မှ အသံတော်အတိုင်း စာစီပူဇော်ပါသည်။
တပည့်...
မုံလယ်ဇ

No comments:

Post a Comment