Tuesday, July 14, 2015

ဤနေရာ ရောက်အောင် စဉ်းစားနော်။ (ဆေးရောင်စုံနှင့်ပိတ်ကား ဥပမာပြ)

ခန္ဓာဖွဲ့ကြည့်တော့ ကိုယ်ထင်တဲ့ လူနတ်ဗြဟ္မာသတ္တဝါဆိုတာ ရှာလို့ကို မရှိတာ နော်။-

အဲဒါကြောင့် မကြားစဖူး ကြားဖူးထပ်မံ ပေါ့။
သေချာချာ စဉ်းစားနော်။
ဥပမာအားဖြင့် အဲဒီစားပွဲပေါ်မှာ ခွက်လေး ၁၂-ခွက်လောက်ပေါ့နော်။
တခွက်ကို ၂၀-သား၊၂၅-သားလောက်ဆံ့တဲ့ ခွက်ပေါ့။
အဲဒါကို ဆေးရောင်စုံ ဖျော်ထားလိုက်တာပေါ့။
အစိမ်း အနီ အပြာ အဝါ အနု အရင့်တွေပေါ့လေ။ ဆေးကောင်းကောင်းတွေ ဖျော်ထားလိုက်တာပေါ့။
အားလုံး ၁၂-ခွက်မှာဆေးတွေ ဖျော်ထားပြီးသားနော်။

တရားနာပရိသတ်တွေကို တယောက်ပြီးတော့ တယောက် အကြည့်ခိုင်း တဲ့အခါ---ဘာတွေ မြင်သလဲလို့ မေးရင်
ဘယ်လို အဖြေပေး မလဲ။အေး- ဆေးတွေပဲ အဖြေပေးမယ်နော်။
အဲဒီဆေးတွေကို မြင်တဲ့အချိန်မှာ  သူ့ စိတ်ထဲမှာ
လောဘစိတ်တွေ ဖြစ်သေးရဲ့လား။
ပြစ်မှားတဲ့ ဒေါသကား ဖြစ်သေးရဲ့လား။
တွေဝေမိုက်မဲတဲ့ မောဟကား ဖြစ်သေးရဲ့လား။ မဖြစ်ဘူးနော်။

ရှေ့တည့်တည့်မှာ တခါ ပိတ်ကားကြီး ချထားလိုက်တာပေါ့။ ဆေးတွေ ဘာတွေ မခြယ်လှယ်ရသေး ဘူးလေ။ အဲသလို ပိတ်ကားကြီးအနေနဲ့ မမြင်ပေဘူးလား။
အဲဒီအခါ လောဘ ဒေါသ မောဟကား ဖြစ်ပါမလား။ မဖြစ်ဘူးနော်။

အဲဒီ ပရိသတ်တွေအားလုံး ကြည့်လို့ ဆေးခွက် လို့ အဖြေပေးပြီးပြီနော်။
အဲဒီ ပိတ်ကားပေါ်မှာ စုတ်တံကောင်း ကောင်းနဲ့ ဇာတ်လိုက် မင်းသမီး လေး ပုံ တပုံပေါ့။
ဇာတ်လိုက် မင်းသားလေးပုံတပုံပေါ့။ နိုင်ငံကျော် ဇာတ်လိုက် မင်းသား မင်းသမီးပုံလေး ခြယ်လှယ် လိုက်တာပေါ့။ ခြယ်လှယ်လို့ ပြီးပြီဆိုတော့ ဆေး ကလည်း ကောင်း-အဲဒီ ခြယ်လှယ်တဲ့ ပုဂ္ဂိုလ်က လည်း လက်ရာက အတော် လေး ပြေပြစ်တာပေါ့။

အဲသလို တခါ ပြန်ပြီးတော့ စိစစ်ပြီးတော့ ကြည့်ဖို့မကောင်းလား။ အဲဒီအခါကျတော့ မြင်တဲ့ အမြင်က သေချာချာ လေ့လာနော်။ မင်းသမီး မြင်တယ်လို့ အဖြေ မပေးရပေဘူး လား။
တဖက်က မင်းသား မြင်တယ်လို့ အဖြေ မပေးရပေဘူး လား။
အမျိုးသမီးဖက်က မင်းသားမြင် လိုချင်တဲ့ တဏှာ မဖြစ်ဘူးလား။ သေချာ လေ့လာနော်။
အမျိုးသားလေးဘက်က မင်းသမီး မြင်တဲ့အခါ လောဘတဏှာ မဖြစ်ဘူးလား။ အဲဒါ စိစစ်ဖို့ လိုတယ်။

တကယ့် အမြင်ခံ အရှုခံက မင်းသ္မီးလား ဆေးလား။ မင်းသား လား ဆေးလား။ ဆေးရောင်ခြယ်ထားတာနော်။ အဲဒါကို စဉ်းစားဖို့ ကောင်းတယ်။ အဖေ မိဘ မွေးတဲ့ မျက်စိနဲ့သာ ကြည့်မယ်ဆို မင်းသမီး မင်းသား မြင်တာပေါ့။ ဥာဏ်နဲ့ စဉ်းစား ကြည့်တဲ့အခါ ကျတော့ ဆေးရောင်တွေပေါ့။
အဲလို စိစစ်ဖို့ မကောင်းလား။

ဆေးအနေနဲ့ မြင်တဲ့အချိန်မှာ မင်းသ္မီး တွေ့ရဲ့လား။  မင်းသား ကားတွေ့ရဲ့လား။ မတွေ့ရင် လောဘ ဖြစ်ပါမလား။  ဖြစ်ဘူးနော်။ အဲဒါ အမှန် မြင်တာ က ဆေးကိုကွဲ့ ။ ကဲ မင်းသမီး ဆိုတာက အမှားမြင်ပေါ့။ မင်းသား ဆိုတာ အမှားမြင်ပေါ့။ ပကတိ မျက်စိနဲ့ ကြည့်မယ်ဆို မင်းသမီး မင်းသား ပေါ့။ဥာဏ်နဲ့ ကြည့်တဲ့အခါ ကျတော့ ဆေးပဲတွေ့တယ် နော်။ ဆေးအနေနဲ့ မြင်တဲ့ပုဂ္ဂိုလ် ဟာ အမှန်မြင်ခြင်းကြောင့် အမှား မြင် မပျောက်လား ဟဲ့။ အဲသလို စိစစ်ဖို့ လိုတယ်။

အဲဒီ ခြယ်လှယ်ထားတဲ့ ဆေးတွေကို ပြန်ပြီးတော့ စုတ်တံ လေးနဲ့ နိုင်ရာဆေးလေးနဲ့ ပြန်ပြီးတော့ ခွက်ထဲကို ထည့်ထားလိုက်တာပေါ့။
အဲဒီခွက်ထဲ ပြန်ထည့်တဲ့အခါကျတော့ ဆေးအနေနဲ့ လူတွေ မြင်ကြမှာပေါ့နော်။ အဲဒါ ပကတိရှိတာက ခွက်ထဲမှာ ဆေး အတိုင်း ပေါ့။ မျက်စိလှည့်စားပုံလေ။ ဥာဏ်နဲ့ ကြည့်တော့ကာဘယ်လောက်ပါ့ ခြယ်လှယ် ခြယ်လှယ် ဆေးဘဲနေမှာ ပေါ့။

အဖေ မိဘမွေးတဲ့ မျက်စိ အဝိဇ္ဇာ ဦးစီးလို့ ကြည့်လိုက်ပြီဆိုရင် မင်းသမီး မင်းသားပေါ့ကွ။ အဲဒီ အမြင် မြင်ခြင်းကြောင့် ရာဂဖြစ်တာ။ အလို မကျတော့ ဒေါသဖြစ်တာ။ ဤ၂-ခု ဖြစ်တာ သိလို့လား မသိလို့။ မောဟပေါ့ကွဲ့။

ကဲ အခုလည်း တကယ် မြင်ဆဲ ကြားဆဲ နံဆဲ စားဆဲ ထိဆဲ ခန္ဓာဖွဲ့ကြည့်တော့ ခန္ဓာငါးပါး မရဘူးလား။ခန္ဓာအနေနဲ့ မြင်မယ်ဆို ကိုယ်ထင်ခဲ့တဲ့ လူနတ်ဗြဟ္မာတွေ့ သေးရဲ့လား။ လူနတ်ဗြဟ္မာ မတွေ့တာ သေချာချာ လေ့လာနော်။

မျက်စိအကြည် ရှိရင် ရူပါရုံ အဆင်းတိုက်မှာပေါ့။ မြင်တဲ့စိတ်မပေါ်ပါနဲ့ လို့တား ရပါ့မလား။ မြင်သိစိတ်ပေါ်မယ်။ ဘာတွေ မြင်တာလဲ လို့မေးဖို့ မကောင်းလား။ လူ မြင်တာလား အဆင်းမြင်တာလား။ ဘာတွေ သိတာ လဲ လို့ မေးဖို့ မကောင်းလား။ လူလို့ သိတာ လား၊အဆင်းလို့ သိတာ လား။မြင်သိစိတ်။
အဲဒါစက္ခုဝိညာဏ်လို့ မဟောဘူးလား။

တဝိညာဏ်တည်း မြင်သိလို့ ဖြစ်ကဲ့လား။ မဖြစ်ရင် သူနဲ့ သဟဇာတ ဖြစ်တဲ့ -အဆင်းလို့ခံစားတာ သူငါလား ဝေဒနာလား။ အဆင်းလို့မှတ်တာ သူငါလား  သညာ။ ခံစားနိုင်အောင် စေ့ဆော်တာ- မှတ်နိုင်အောင် စေ့ဆော်တာ သူငါလား စေတနာ ။ ဝေဒနာ သညာ စေတနာ ဤ၃-ခုပေါင်းတော့ နာမက္ခန္ဓာ ၄-ပါး မပြည့်လား။ ဤ၄-ပါး ပြည့်စုံမှမြင်တဲ့စိတ် ဖြစ်တာနော်။ သူတွေငါတွေလား နာမက္ခန္ဓာ လေးပါး။

မျက်စိအကြည် ကား ငါဟုတ်ကဲ့လား- ရူပါရုံအဆင်းကား ငါဟုတ်ကဲ့လား။ ခန္ဓာဖွဲ့ကြည့်တော့ ရူပက္ခန္ဓာမရလား။

နာမက္ခန္ဓာ ၄-ပါးနဲ့ ရူပက္ခန္ဓာပေါင်း။ လူလား ခန္ဓာငါးပါး။ မင်းသမီး မင်းသား လား ခန္ဓာငါးပါး။ ခန္ဓာငါးပါး လို့မြင်တဲ့ အချိန် ကိုယ်ထင်တဲ့ မင်းသမီး မင်းသား ကား တွေ့သေးရဲ့လား။လူနတ်ဗြဟ္မာ သတ္တဝါတွေ့သေးရဲ့လား။ ဘာဖြစ်လို့ မတွေ့တာလဲ။မရှိ=သက္ကာယဒိဋ္ဌိပြုတ်တယ်။ ဤနေရာ ရောက်အောင် စဉ်းစားနော်။ အဲဒီအမြင်ကို မြင်ဖို့ လိုတာပေါ့။ ချုံလိုက်တဲ့ အခါ နာမ်နဲ့ရုပ်ပေါ့။ ဖြန့်လိုက်ရင် ခန္ဓာ၅-ပါး။ ။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ

11-4-1998(7:00pm)

No comments:

Post a Comment