Wednesday, July 8, 2015

ပါဏာတိပါတာအစ သုရာမေရယ အဆုံး

ပါဏာတိပါတာအစ သုရာမေရယ အဆုံးကို ရှင်းတမ်းထုတ်ဖို့ လိုတာပေါ့။
အဲဒီစိတ်တွေနဲ့ သတ်ပုတ်ပြီးတော့မှ....
သူပြုခဲ့တဲ့ အတိတ်က ဒါနကုသိုလ်တွေ ဘာတွေနဲ့ ပြုလုပ်ပြီးတော့မှ ....
တခါ သေသည်ရဲ့ အခြားမဲ့၌ ငရဲရောက်သွားမယ်နော်။
ငရဲက တက်ပြီးတော့မှ လူဖြစ်တဲ့အခါ သူဌေးသား ပေါ့
အမျိုးသမီးဆို သူဌေးသမီးပေါ့

နှစ်နှစ် သုံးနှစ် အရွယ်နဲ့ သေတာတွေကား မြင်ဖူးရဲ့လား။ကြားလည်း ကြားဖူးမယ်နော်။
တချို့ ကျောင်းသားအရွယ်ပေါ့။
သူဌေးသမီး သူဌေးသားဖြစ်ငြားသော်လည်း သူတို့ စည်းစိမ် ခံစားရရဲ့လား။
သြော် အတိတ်က ပါဏာတိပါတာကံ အကြောင်းရှိသလောက် အကျိုးတရားတွေ ပေါ်တာနော်။
အသက်တိုတယ်လို့ မပြောဘူးလား။

တခါ တနည်းအားဖြင့် တော့ကာ အသက်ရှင်တယ်ဘဲ ထားလိုက်ကြ ဦးစို့နော်။
ငယ်စဉ်ကစ ကြီးသည် အိုသည်အထိ အနာတည်ပြီးတော့မှ မလုပ်နိုင် မကိုင်နိုင် သူများနည်းတူ မသွားနိုင် မလာနိုင် မစားနိုင် မသောက်နိုင် ဒီလိုတွေကား မရှိဘူးလား။
အဲဒါ ပါဏာတိပါတာကံ အကြောင်းကြောင့်အကျိုးတရားတွေပေါ်တာကွဲ့။
အဲလို စိစစ်ဖို့မကောင်းလား။
အဓိပ္ပါယ် သိရင် ကဲ ဆင်ခြင်ဖို့ မလိုဘူးလား။

ပါဏာတိပါတာ ဝေရမဏိ... ရှောင်ကြဉ်ကြလို့ ဆရာတော် သမားတော်တွေ မဟောဘူးလား။
ဟောတယ်နော်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေတဲ့ ပုဂ္ဂိုလ် အပေါင်းဟာ ပါဏာတိပါတာ အကြောင်းရှိသလောက် အကျိုးတရား တွေပေါ်တာပေါ့။
အသက်ရှည်ငြားသော်လည်း အနာတည်ပြီးတော့မှ သူများကဲ့သို့ မသွားနိုင်မလာနိုင် မလုပ်နိုင်မကိုင်နိုင် မစားနိုင် မသောက်နိုင် ဒါ ပါဏာတိပါတာ အကြောင်းရှိလို့ အကျိုးတရားပေါ်တာ...။

စားဝတ်နေရေး မပြေတဲ့ ပုဂ္ဂိုလ် တွေ မရှိဘူးလား
လုပ်ရင်းကိုင်ရင်းနဲ့ ဖောင်စီးရင်း ရေငတ်ဆိုတဲ့ ပမာဏကဲ့သို့။ အလုပ်လုပ်ရင်းနဲ့ ငတ်တာတွေ ရှိတယ်နော်။
အဲဒါ အတိတ်က အဒိန္နာကံတွေကိုးကွဲ့။

သူများစားဖို့ သောက်ဖို့ကို ခိုးခဲ့တာလေ...။
သူများဝတ်မည့် အဝတ်ကို ခိုးခဲ့တာလေ.. .။အဲသလို မရှိဘူးလားဟေ့။
အဲဒါ အဒိန္နာကံ အကြောင်းရှိလို့ အကျိုးတရား ပေါ်တာကွဲ့။
အကြောင်းရှိလို့ အကျိုးတရားပေါ်တာ နော်။

ကာမေသု မိစ္ဆာစာရ ကံနဲ့ သေသွား ငရဲ မရောက်ဘူးလား။
ငရဲသက်စေ့လို့ လူ့အဖြစ်ကိုရ ဣတ္ထိလိင် ပုလ္လိင် ဖြစ်တတ်တယ် လို့ မဟောလား ကြောက်စရာ မကောင်းလား။

တခါ မိမိ ခန္ဓာဝန်ထိန်းကျောင်း နဲ့ ပတ်သက်လို့ မုသာဝါဒအမျိုးမျိုး လိမ်လည်ပြီးတော့ စားသောက်တာတွေ မရှိဘူးလား။
သေသည်ရဲ့ အခြားမဲ့၌ ငရဲကလွတ်ပါမလား။
ငရဲကလွတ်လို့ လူ့အဖြစ်ကို ရတယ်ထားနော်။
သူပြောတဲ့ စကားကို ဘယ်သူ မှ အယုံအကြည် မရှိဘူးပေါ့။
ကိုယ်မွေးတဲ့သားသမီးတွေက သူပြောတဲ့ စကားနားထောင်ရဲ့လား။သူပြောတဲ့စကားသြဇာမညောင်းဘူးပေါ့။အဲဒါ မုသာဝါဒကံ အကြောင်းရှိလို့ အကျိုးတရားတွေပေါ်တာနော်။ ဖြစ်တဲ့ဘဝမှာ
မဆင်းရဲလား။

သုရာမေရယ သေချာချာလေ့လာနော်။
မူးယစ်စေတတ်တဲ့ အစားအသောက်တွေ မှီဝဲ သုံးဆောင်တဲ့ ပုဂ္ဂိုလ် တွေပေါ့။
သေ သည်ရဲ့ အခြားမဲ့၌ ငရဲက လွတ်ပါမလား။
ငရဲက တက်ပြီးတော့ လူ့အဖြစ်ကို ရတယ်ထားနော်
လူဖြစ်တော့ လူရူးတဲ့ ပုဂ္ဂိုလ် တွေ မြင်ဖူးကြရဲ့လား။
အဲဒါ သုရာမေရယ အကြောင်းရှိလို့ အကျိုးတရား ပေါ်တာကွဲ့။
ခွေးရူးဆိုတာကော ကြားဖူးရဲ့လား။တချို့ မြင်ဖူးမယ်နော်။
ဝက်ရူး ဆိုတာကား မြင်ဖူးကြတယ်မလား။
ခွေးရူး ဝက်ရူးတွေလေ။ အဲဒီ လူက ဝက်ရူးရှိတယ်လို့ မပြောကြဘူးလား။ ခွေးရူးပြန်တယ်လို့ မပြောဘူး လား။
လူကလည်း လူရူးပေါ့။ ဒါ သုရာမေရယ အကြောင်းရှိလို့ အကျိုးတရား တွေ ပေါ်တာနော်၊၊
အဲလို စိစစ်ပြီးတော့ သိရင် ဒါတွေဟာ ဆင်ခြင်ကောင်းတာပေါ့။
ကံ ကံရဲ့ အကျိုးကို ယုံကြည်ဖို့ လိုတယ်နော်။
ဒါပါဏာတိပါတာအစ သုရာမေရယ အဆုံး ဒါ အကုသိုလ် ကံတွေပေါ့ကွဲ့။
သိတဲ့ အချိန်ကစ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ရှောင်ကြဉ်ဖို့ လိုတယ်နော်။

ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော် ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ
M.c 21 တိပ်အသံဖိုင်တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment