================
လက်တွေ့အားဖြင့် နီးစပ်အောင် ပြန်စဉ်းစားကြဦးစို့။ အခု ဘုန်းကြီးတို့ တောင်က ရေတံခွန်တောင်။ -------- ဘုရားတည်တဲ့ နေရာကရပ်ကြည့် မန္တလေးမြို့ကို မမြင်ရဘူးလား။ မြင်ရတယ်နော်။
အဲဒီက ဆင်းပြီးကာမှ မြို့ထဲကိုသွား။ တံခါးပေါက်ကို ၀င်လိုက်တဲ့အခါမှာ မြို့ကိုတွေ့သလား၊ အိမ်တွေတွေ့သလား။ သြော် အိမ်တွေပဲတွေ့တယ်။ အဝေးက တောင်ပေါ်က ကြည့်တုန်းက မြို့ကို မမြင်ရဘူးလား။ အခု တံခါးပေါက်ကိုဝင်ကြည့်တော့ မြို့လား၊ အိမ်လား။ ကဲ အဲဒီမြို့ ဘယ်ရောက်သွားသလဲ။ ရှိသလား။ အဲ အိမ်ပဲတွေ့မယ်။
အစိုးရ၀န်ထမ်းတစ်ယောက်အနေနဲ့။ တောရွာကို တာဝန်ကျသွားတယ်။ အဲဒီ တောရွာက ကားလမ်းမပေါက်ဘူး၊ လှည်းလမ်းမပေါက်ဘူး။ ခြေလျင်သွားရတာ။ ခြောက်မိုင်လောက်ဝေးတယ်။ အစိုးရပေးလမ်းကနေ အဲတာဖြတ်သွားတဲ့အခါ တောမိုင်တိုင်ဝင်သွားတာ သုံးမိုင်လောက်ကျတဲ့အခါ တောင်ကမူရှိတယ်။ အဲဒီလမ်းလေးနှစ်ခွမှာ ညာလမ်းကိုလိုက်၊ တောင်ကမူတက်သွား၊ တဲစင်နဲ့ ထန်းပင်နဲ့တွေ့မယ်။ အဲဒီ ကုန်းပေါ်က ကြည့်တဲ့အခါ ရွာကို မမြင်ရဘူးလား။ ကွင်းပြင်ကြီး၊ လယ်ကွင်းပြင်ကြီးခြားနေတာပေါ့။ နှစ်မိုင်လောက်သွားတဲ့အခါ ရွာကိုရောက်သွားပြီ။
တံခါးပေါက်ကို ၀င်တဲ့အခါ ရွာတွေ့သလား၊ အိမ်တွေ့ သလား။ အဝေးက ကြည့်တုန်းက အိမ်ကို မြင်တာလား၊ ရွာကိုမြင်တာလား။ အခု တံခါးပေါက်ကို ၀င်တဲ့အခါ ရွာတွေ့သေးရဲ့လား။ တွေ့တာက ရွာလား၊ အိမ်လား။ ရွာလို့ စွဲစရာလိုသေးရဲ့လား။ ဘာကြောင့် ရွာစွဲ၊ မြို့စွဲ ဟောရသလဲ မေးဖို့ မကောင်းလား။ အစိုးရ၀န်ထမ်းကြလို့ တာဝန်ကျလို့ ပြည်စွန်ပြည်ဖျား၊ မြို့စွန်မြို့ဖျားတွေမှာ နေတဲ့အခါမှာ ကိုယ့်မြို့နဲ့ကိုယ်နေရရင် ကျေနပ်ပါပြီ၊ ကိုယ့်ရွာနဲ့ကိုယ် နေရရင်ကျေနပ်ပါပြီလို့ ပြောင်းရွှေ့ဖို့တွေ စာမရေးကြဘူးလား။ မြို့စွဲ ဥပါဒါန်၊ ရွာစွဲ ဥပါဒါန်ပေါ့။
အဲလိုကြည့်တဲ့ အခါကျတော့ မြို့ကားတွေ့ရဲ့လား။ ရွာကားတွေ့ရဲ့လား။ တွေ့တာက မြို့လား၊ အိမ်လား။ ရွာလားအိမ်လား။ အဲဒီအိမ်က ပျဉ်ထောင်အိမ်သွပ်မိုး။ သွပ်မိုးကိုခွါ၊ ထုပ်လျောက်ဒိုင်းမြားကိုဖြုတ်၊ ပျဉ်ထောင်ကိုခွါ၊ တန်းတွေကို ဖြုတ်။ ခါးပန်းကိုခွာ၊ ကြမ်းတွေကိုနှုတ်၊ ဆင့်တွေကိုနှုတ်၊ ယက်မကိုဖြုတ်၊ တိုင်တွေနှုတ်၊ စုပုံထား။ အိမ်လား၊ သစ်စုဝါးပုံလား။ အခုတွေ့တာ အိမ်လား၊ သစ်စုဝါးပုံလား။ သစ်စုဝါးပုံပဲတွေ့တယ်။
သစ်ဝါးရဲ့အစုအပေါင်းကို အိမ်လို့ မခေါ်ဘူးလား။ ကျောင်းလို့ မခေါ်ဘူးလား။ ဇရပ်လို့ မခေါ်ဘူးလား။ အမျိုးမျိုး အဆောက်အဦးတွေ မခေါ်ကြဘူးလား။ ကဲ ဇရပ်လို့ခေါ်တယ်၊ ကျောင်းလို့ခေါ်တယ်၊ အိမ်လို့ခေါ်တယ်၊ ရွာလို့ခေါ်တယ်၊ မြို့လို့ ခေါ်တယ်။ အဲဒါ သမုတ်ရှိပေါ့။ မသမုတ်ကြဘူးလား။ ခေါ်ရုံပြောရုံတော့ မခေါ်ကြဘူးလား။
အဲဒီသစ်စုဝါးပုံ မျက်စိမှိတ်၊ လက်နဲ့ကိုင်စမ်းကြည့် သစ်စုဝါးပုံတွေ့မလား၊ မာတာတွေ့မလား။ မျက်စိဖွင့်၊ ကိုင်စမ်းကြည့်။ သစ်စုဝါးပုံတွေ့မလား၊ မာတာတွေ့မလား။ ကဲ သစ်စုဝါးပုံလည်းမတွေ့ဘူးပေါ့။ တွေ့တာက မာသဘော၊ မာဓာတ်၊ မာပရမတ်လို့ မဟောဘူးလား။ အဲဒါ မာတာ ပထ၀ီပေါ့။ မာတယ်လို့ သိတာ သူငါလား၊ ကာယ၀ိညာဏ်လား။ ကာယအကြည်နဲ့ မာမှုက ရုပ်တရားမရဘူးလား။ နာမ်ရုပ်နှစ်ပါးပေါ့။ သစ်စုဝါးပုံလား၊ နာမ်နဲ့ရုပ်လား။
သြော် အိမ်လား နာမ်နဲ့ရုပ်လား။ ရွာလား နာမ်နဲ့ရုပ်လား။ မြို့လား နာမ်နဲ့ရုပ်လား။ နာမ်ရုပ်က ပရမတ်ပေါ့။ သစ်စုဝါးပုံက ပညတ်ပေါ့။ နာမ်ရုပ်က ပရမတ်ပေါ့။ အိမ်က ပညတ်ပေါ့။ နာမ်ရုပ်က ပရမတ်ပေါ့။ ရွာက ပညတ်ပေါ့။ မြို့က ပညတ်ပေါ့။ ပညတ်၊ ပရမတ် ပိုင်းခြားလို့ သိပါလို့ မဟောလား။ ကဲ မခေါ်ဘူးလား။ စွဲရဲ့လား။ ဘာဖြစ်လို့ မစွဲတာလဲ။ မရှိလို့။
သမုတ်ရှိ အခေါ်ရှိ သမ္မုတိသစ္စာအနေနဲ့ မမှန်ဘူးလား။ မှန်တယ်။ အခုလည်းမိမိက နာမ်ရုပ်အပေါ်မှာ တင်စားပြီးတော့ ဌာနူပစာရအားဖြင့် တင်စားပြီးတော့ လူအစားစား၊ နတ်အစားစား၊ ဗြဟ္မာအစားစား၊ တိရစ္ဆာန်အစားစား၊ ပြိတ္တာအသူရကာယ်အစားစား၊ ငရဲအစားစားလို့ မသမုတ်ကြဘူးလား။ မခေါ်ကြဘူးလား။ အဲ ခေါ်တယ်။ စိစစ်ဖို့ မကောင်းလား။ သမုတ်တာ ခေါ်တာ ဘုရားပယ်ရဲ့လား။ မပယ်ဘူး။
နာမ်ရုပ်လို့သိ၊ လူလို့ခေါ်၊ နတ်လို့ခေါ်၊ ဗြဟ္မာလို့ခေါ်။ နာမ်ရုပ်လို့သိ၊ အဖေလို့ ခေါ်၊ အမေလို့ခေါ်။ နာမ်ရုပ်လို့သိ၊ မိန်းမ ယောက်ျားလို့ခေါ်၊ သားလို့ခေါ်၊ သမီးလို့ခေါ်။ ကဲ သမုတ်ရှိ အခေါ်ရှိ၊ ၀ိညာဏ်မြင် သမ္မုတိသစ္စာအနေနဲ့ မမှန်ဘူးလား။ ပညာမြင် ပရမတ္ထသစ္စာဖက်က နာမ်ရုပ်မမှန်ဘူးလား။ နှစ်ရပ် ဉာဏ်မြင် ဒိဋ္ဌိစင်လို့ မဟောလား။
ဉာတပရိညာ ပိုင်းခြားလို့သိပါ။ အဲဒါလိုရင်းတွေပေါ့။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင် မုံလယ်တောရဓမ္မရိပ်သာ အမှတ်-သုံး တိုက်ခွဲ ဓမ္မာရုံကြီးပေါ်တွင် ၃၊ ၁၊ ၂၀၁၁ခုနှစ်၊ နေ့လယ် တစ်နာရီခွဲ အချိန် နောက်ဆုံး ဟောကြားတော်မူခဲ့သော
လူစွဲ၊ မြို့စွဲ၊ ရွာစွဲ ဥပမာပြ ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ အရှင်ရဋ္ဌသာရ စာစီပူဇော်ပါသည်။
No comments:
Post a Comment