Wednesday, July 8, 2015

“အာရုံမှန်တော့ သဒ္ဓါ မှန်တယ်။”

အာရုံ အာရမ္မဏိက။ ပြန်ပြီးတော့ လေ့လာကြစို့။
မျက်စိအကြည်၊နားအကြည်၊နှာခေါင်းအကြည်၊လျှာအကြည်၊ကိုယ်အကြည်၊မနော အကြည်။
အာရုံ= ရူပါရုံ ၊သဒ္ဒါရုံ ၊ဂန္ဓာရုံ ၊ရသာရုံ ၊ဖောဋ္ဌဗ္ဗာရုံ ၊ဓမ္မာရုံ ။
မျက်စိအကြည် ရှိတော့ ရူပါရုံအဆင်း မတိုက်ဘူးလား၊ မြင်တဲ့စိတ် မပေါ်လား။ ငါ မြင်တာလား မြင်သိစိတ်လား။ မြင်သိစိတ်နော်။ အဲသည့် မြင်သိစိတ်ဆိုတဲ့ မြင်သိစိတ်လေးဟာ မျက်စိအကြည်နဲ့ ရူပါရုံ အဆင်း မတိုက်ခင် ဘယ်ဆီမှာ နေတယ်လို့ လက်ညိုး ညွှန်ပြခြင်းငှာ ထိုက်ကဲ့လား။ ဟော နှစ်ခုတိုက်တော့လည်း မြင်စိတ်လေးမပေါ်ဘူးလား။ ငါမြင်တာလား မြင်သိစိတ်လား။ မြင်သိစိတ်တဲ့။ ငါမပါဘူးနော်။

ကဲ မြင်သိစိတ် တစ်ဝိညာဏ်တည်း မြင်သိလို့ ဖြစ်ကဲ့လား။ မဖြစ်ရင် သူနဲ့ သဟဇာတ ဖြစ်တဲ့ ဝေဒနာ သညာ စေတနာ မပါလား။ အဆင်းလို့ ခံစားတာ လူလား၊ ဝေဒနာလား။ နတ်လား၊ ဝေဒနာလား။  ဗြဟ္မာလား၊ ဝေဒနာလား။ ဟော လူမပါဘူးနော်။ ဝေဒနာ။ အဆင်းလို့မှတ်တာ။ လူ၊နတ်၊ဗြဟ္မာလား သညာလား။ ခံစားနိုင်အောင် စေ့ဆော်တာ။ မှတ်နိုင်အောင်  စေ့ဆော်တာ။ လူ၊နတ်၊ဗြဟ္မာလား- စေတနာလား။ ဝေဒနာ၊သညာ၊စေတနာ သုံးခုပေါင်းတော့ နာမက္ခန္ဓာ လေးပါးမပြည့်လား။ ဤလေးပါးပြည့်စုံမှ မြင်သိစိတ်ဖြစ်တာ။ လူ၊နတ်၊ဗြဟ္မာလား နာမက္ခန္ဓာလေးပါးလား။ မျက်စိအကြည်ကား၊ လူ၊နတ်၊ဗြဟ္မာ ဟုတ်ကဲ့လား။ ရူပါရုံအဆင်းကား လူ၊နတ်၊ဗြဟ္မာ ဟုတ်ကဲ့လား။ ခန္ဓာဖွဲ့ကြည့်တော့ ရူပက္ခန္ဓာ မရလား။ နာမက္ခန္ဓာလေးပါး နှင့် ရူပက္ခန္ဓာပေါင်း။ အဲဒါ- အမြင်ခံ၊ အရှုခံတရားပေါ့၊

ရှု ဉာဏ် က... သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ၊ ပညာမဂ္ဂင် နှစ်ပါး။ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ၊ သမ္မာဓိ မဂ္ဂင် သုံးပါး။ ပေါင်းလိုက်တော့ မဂ္ဂင်ငါးပါး။ အမြင်ခံ အရှုခံက ခန္ဓာငါးပါး။ ရှုဉာဏ် က မဂ္ဂင်ငါးပါး။ အာရုံ- အာရမ္မဏိက ပိုင်းခြားတော့ ခန္ဓာငါးပါးက အာရုံတရား။ မဂ္ဂင်ငါးပါးက အာရမ္မဏိကတရား။ “အာရုံမှန်တော့ သဒ္ဓါ မှန်တယ်။” ယုံကြည်တယ်၊ ဘယ်လို ယုံကြည်တာလဲ။ ရူပက္ခန္ဓာ- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ၊ လူမဟုတ်ဘူး ခန္ဓာငါးပါး။ အဲဒီ ယုံကြည်တဲ့ ပုဂ္ဂိုလ်ကို လူရှိတယ်၊ နတ်ရှိတယ်၊ ဗြဟ္မာရှိတယ်လို့ ဘယ်လိုပါ့ ပြောပြော သူလက်မခံတော့ဘူး။ လက်မခံပါ့မလား။ လက်မခံတော့ဘူး။ ဒါကြောင့် “အာရုံမှန်တော့ သဒ္ဓါ မှန်တယ်။” အာရုံက ခန္ဓာငါးပါး။ “အာရုံမှန်တော့ သဒ္ဓါ မှန်တယ်။” အဲဒါ စိစစ်ဖို့ လိုတယ်။

တစ်ခါ ဆက်ပြီးတော့ ကြိုးစားကြဦးစို့။ အဲလို ကြိုးစားတဲ့ အခါ …
ရူပက္ခန္ဓာကြီး ဖောက်ပြန်ပြီးတော့ မပျက်လား။ ဝေဒနာ ခံစားပြီးတော့ မပျက်လား။ သညာ မှတ်ပြီးတော့ မပျက်လား။ စေတနာ စေ့ဆော်ပြီးတော့ မပျက်လား။ ဝိညာဏက္ခန္ဓာ သိပြီးတော့ မပျက်လား။ဟော ဖြစ်ပျက်ဘဲ တွေ့တယ်နော်။
ဒါတော့ အနိစ္စ။ တွေ့တဲ့အချိန် ခန္ဓာငါးပါး အနိစ္စ၊ အနိစ္စ တွေ့တဲ့အချိန် ခန္ဓာ တွေ့သေးရဲ့လား။ ခန္ဓာ မတွေ့တော့ဘူးနော်။ အဲဒါ ယုံကြည်ဖို့ မကောင်းလား။ အာရုံ အာရမ္မဏိက  ပိုင်းခြားဖို့ လိုတယ်။ အဲသည့် ငါးပါးစလုံးက အာရုံက အနိစ္စလို့ မပြလား။ သိတဲ့ ဉာဏ် လေးက အနိစ္စလို့ မသိလား။ အာရုံက ဒုက္ခလို့ မပြလား။ သိတဲ့ ဉာဏ် လေးက ဒုက္ခလို့ မသိလား။ အာရုံက အနတ္တလို့ မပြလား။ သိတဲ့ ဉာဏ် က အနတ္တလို့ မသိလား။ အာရုံ အာရမ္မဏိက။

အာရုံ မှန်တော့ သဒ္ဓါ မှန်တယ်။ အနိစ္စ၊ဒုက္ခ၊အနတ္တ၊ စုလိုက်တော့ ဖြစ်ပျက်လို့ မဟောလား။ ဘာသစ္စာလဲ။ ချမ်းသာတဲ့ တရားလား၊ ဆင်းရဲတဲ့ တရားလား။ ဆင်းရဲတယ်လို့ အမှန် သိသွားပြီနော်။ စဉ်းစား -စဉ်စား။ ဆင်းရဲတယ်လို့ အမှန်သိသွားရင် သမ္မာဒိဋ္ဌိပေါ့။ အဲလို စိစစ်ဖို့ မကောင်းလား။ အဲလို အမှန်သိတဲ့ ပုဂ္ဂိုလ် ဒုက္ခသစ္စာလို့ အမှန် သိတဲ့ပုဂ္ဂိုလ် လူချမ်းသာရှိတယ်၊ နတ်ချမ်းသာရှိတယ်၊ ဗြဟ္မာချမ်းသာ ရှိတယ်လို့ ဘယ်လိုပါ့ ပြောပြော သူလက်ခံ ပါ့မလား။ တွေ့နေတာက လူချမ်းသာ တွေ့တာလား။ ဒုက္ခသစ္စာလား။ နတ်ချမ်းသာ တွေ့သလား။ ဒုက္ခသစ္စာလား။ ဗြဟ္မာချမ်းသာ တွေ့သလား။ ဒုက္ခသစ္စာလား။ အာရုံမှန်တော့ သဒ္ဓါ မှန်တယ်နော်။ အာရုံက ဒုက္ခသစ္စာကွဲ့။ ဒါတော့ လူချမ်းသာ တွေ့သလား။ ဒုက္ခသစ္စာ ။ဒါ အမှန်သိတော့ အမှားမပျောက်လား။

လူချမ်းသာ၊နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာလို့ နှလုံးသွင်းမှား.....။ နှလုံးသွင်းမှားတဲ့ အဝိဇ္ဇာချုပ်- မချုပ်။ အဝိဇ္ဇာ ချုပ်ရင် အရင်းလဲရင် အဖျား ထင်းဖြစ်တယ်လို့ ဆရာတော်၊သမားတော်တွေ မဟောလား။ တဏှာ၊ဥပါဒါန် လာသေးရဲ့လား။ စဉ်စား။ ကဲ ကိလေသဝဋ် ချုပ်တာပေါ့။ကဲ ကိလေသဝဋ်။
တရား အားထုတ်တယ်၊ တရားနာတယ်….  “ကိလေသဝဋ် ချုပ်ဖို့ အဓိက”၊ ကိလေသဝဋ် ချုပ်ရင် ကမ္မဝဋ် လာဦးမလား။ ကမ္မဝဋ် မလာ နောက်ခန္ဓာ ပေါ်ဦးမလား။ ခန္ဓာ မရှိတာ နိဗ္ဗာန် ကွဲ့။  ကိလေသာ မရှိတာ နိဗ္ဗာန်တဲ့ ကြားလား။

နိဗ္ဗာန်ဟာ ဝင်းဝင်းကြီး ပေါ်လာလိမ့်မယ်လို့ မအောက်မေ့နဲ့။ ဟိုမှာ သည်မှာလို့ မယူဆနဲ့ ကြားလား။ ကိလေသာ ချုပ်တာ။ ခန္ဓာ ချုပ်တာ။ ခန္ဓာ မရှိတော့ မငြိမ်းဘူးလား။ ကိလေသာ မရှိတော့ မအေးလား။ ငြိမ်းတဲ့ သဘောနဲ့ အေးတဲ့ သဘောကို နိဗ္ဗာန်လို့ ခေါ်တာဗျား ။ အဲလို စိစစ်ဖို့ မကောင်းလား။
အဲလိုသာဆို နှလုံးသွင်း မှန်မယ်ဆိုရင် မနက်စာ အားထုတ် ညနေ ရတယ်။ ညနေ အားထုတ် မနက်စာ ရတယ် မဟောဘူးလား။ ကြာရင် ခုနှစ်ရက်။ ခု တစ်လနေလည်း မတွေ့၊ တစ်နှစ် ကြာလို့လည်း မတွေ့။ သုံးနှစ် ကြာလို့လည်း မပေါ် နှလုံးသွင်း မှားတာဗျာ။ နှလုံးသွင်း မှားတော့ လွယ်ပါ့မလား ဟေ့။ လွယ်ဘူး ကွဲ့။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ

အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၈-ရက်၊တနင်္ဂနွေနေ့
(၁၅.၅.၂ဝဝ၅)၊နေ့လည် (၂) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment