ကဲ လက်တွေ့ မျက်တွေ့ ဥပမာ။ ဗမာပြည်မှာ ငှက်ပျောသီးမှာ နာမည် အကြီးဆုံး ငှက်ပျောသီး နံ့သာပု။ အနံ့ ရော၊ အချိုရော အနံ့ရော ပြည့်စုံတာ.. နံ့သာပု။ နံ့သာပုဆီ ဆိုတာ ဗုဒ္ဓဘာသာတို့မည်သည် သင်္ကြန်အခါမှာ နံ့သာပုဆီတွေ ဖျော်တိုက်ကြတာဟေ့။ နံ့သာပု ရည်တွေလေ။
အဲဒီ ပင်ထက်မှည့် ငှက်ပျောသီး... နံ့သာပု ငှက်ပျောသီး စားကြည့်လိုက်။ ဘယ်လို တွေ့မလဲ။ ငှက်ပျောသီး တွေ့တာလား ချိုတာတွေ့တာလား။ ချိုတာနော်။ အဲဒီ ချိုတာကို မျက်စိနဲ့ကြည့် မြင်ရပါ့မလား။ ယုံရဲ့လား။ ယုံတယ်နော်။ မျက်စိနဲ့ကြည့် မမြင်ရဘူး။ လက်နဲ့ကိုင်စမ်းကြည့် တွေ့ပါမလား။ ကဲ အနိမိတ္တ။ သဏ္ဌာန် မရှိဘူးဟေ့။ ဒီလို သိဖို့ မလိုဘူးလား။ နမ်းကြည့် ချိုရသာ တွေ့ပါမလား။ နားထောင်ကြည့်ရင်ကား တွေ့ပါမလား။ မျက်စိနဲ့ကြည့် မြင်ရပါမလား။ လက်နဲ့ ကိုင်စမ်းကြည့် တွေ့ရဲ့လား။ လျှာနဲ့ကျတော့ မသိနိုင်ဘူးလား။
ဘာကြောင့် သိနိုင်သလဲ မေးရင် ဘယ်လိုပြောမလဲ။ အာပေါဓါတ် ။ အာပေါဆိုတာ စွတ်စိုတာ။ ရေ ကြားရဲ့လား။ စွတ်စိုတော့ကာ အချိုဓါတ်လေး ပေါ် မလာဘူးလား။ ကဲ လက်နဲ့ ကိုင်တော့ ချိုတာ သိရပါမလား။ အာပေါဓါတ် မရှိဘူးကွဲ့။ လျှာနဲ့ကျမှ စွတ်စိုခြင်းမှ ချိုတယ်၊ငံတယ်လို့ သိတာ။
ကဲ နံ့သာပု ငှက်ပျောသီး တွေ့တာလား ချိုရသာ တွေ့တာလား။ အကောင်အထည် ဟုတ်ကဲ့လား။ စဉ်းစားနော်။
အဲတာ စားသိစိတ်ကလေးက ဇိဝှါဝိညာဏ် နာမ်တရားပေါ့။ တစ်ဝိညာဏ်ထဲ စားလို့ သောက်လို့ ဖြစ်ကဲ့လား။ အနတ္တတရား။ ဘာကြောင့် မဖြစ်တာလဲ။ သူကိုယ်တိုင်က အနတ္တတရား ဖြစ်နေလို့။
သူနဲ့ သဟဇာတဖြစ်တဲ့ ဝေဒနာ သညာ စေတနာ မပါလား။ ချိုတယ်လို့ ခံစားတာ လူလား ဝေဒနာလား။ နတ်လား ဝေဒနာလား။ ဗြဟ္မာလား ဝေဒနာလား။ ချိုတယ်လို့မှတ်တာ လူ၊နတ်၊ ဗြဟ္မာလား သညာ လား။ ခံစားနိုင်အောင် စေ့ဆော်တာ မှတ်နိုင်အောင် စေ့ဆော်တာ လူ၊နတ်၊ ဗြဟ္မာလား စေတနာလား။ ဝေဒနာ သညာ စေတနာ သုံးခု ပေါင်းတော့ နာမက္ခန္ဓာ လေးပါး မပြည့်လား။ အဲဒီ လေးပါးပြည့်စုံမှ စားသိစိတ် ဖြစ်တာ။ ကဲ လူ၊နတ်၊ ဗြဟ္မာလား နာမက္ခန္ဓာ လေးပါးလား။
လျှာအကြည်ကား နံ့သာပု ငှက်ပျောသီး ဟုတ်ကဲ့လား။ ချိုရသာကား နံ့သာပု ငှက်ပျောသီး ဟုတ်ကဲ့လား။ ခန္ဓာဖွဲ့ကြည့်တော့ ရူပက္ခန္ဓာ မရဘူးလား။ နာမက္ခန္ဓာ လေးပါးနဲ့ ရူပက္ခန္ဓာပေါင်း။(ခန္ဓာငါးပါးပါဘုရား)။ “တရား ပျောက်တော့ ကိုယ်မှာရှာ ကိုယ်မှာ ရှာတော့ တရားတွေ့တယ်” မဟောလား။ စားတဲ့အခါ လျှာမှာ တွေ့နေပြီ။
အဲဒီ ခန္ဓာသိတာ ငါ ဟုတ်ကဲ့လား။ မဟုတ် ဒိဋ္ဌိ မပြုတ်ဘူးလား။ ပြုတ်တယ်။ အဲဒီမှာ နှလုံးသွင်း မှန်တာနဲ့ မှားတာပေါ့။ ဘယ်လို မှားသလဲ စိစစ်ဖို့ မကောင်းလား။
စားကြည့်တာ နံ့သာပု ငှက်ပျောသီး တွေ့သလား၊ ချိုရသာတွေ့သလား။ မျက်စိနဲ့ကြည့် မြင်ရပါမလား။ လက်နဲ့ကိုင်စမ်းကြည့် တွေ့ပါမလား။ လျှာနဲ့ကျမှ သိတာနော်။
ချိုရသာ ရူပက္ခန္ဓာ တရားပေါ်မှာ နံ့သာပု ငှက်ပျောသီး အနေနှင့် စားချင်မှု၊နှစ်သက်မှု၊စွဲလမ်းမှုက လောဘ တဏှာ သမုဒယသစ္စာ။ ချိုရသာပေါ်မှာ ငှက်ပျောသီးလို့ နှလုံးသွင်းမှားတာ။ ချိုရသာ ရူပက္ခန္ဓာ တရားအပေါ်မှာ စားချင်မှု၊ နှစ်သက်မှု၊ စွဲလမ်းမှုက လောဘ တဏှာ သမုဒယသစ္စာ။ သမုဒယသစ္စာ အကြောင်းရှိရင် အကျိုးခန္ဓာ မရဘူးလား။ ခန္ဓာရရင် အို၊နာ၊သေ လွတ်ကဲ့လား။ ဘာသစ္စာတုံး။ အဲဒီ ဒုက္ခသစ္စာ အလိုလိုဖြစ်တာလား အကြောင်းကြောင့် အကျိုးတရားပေါ်တာလား။ အကြောင်းက သမုဒယသစ္စာ ကိုကွဲ့။ အကျိုးက ဒုက္ခသစ္စာနော်။ ကဲ အဲလို စိစစ်ဖို့ မကောင်းလား။
သမုဒယကြောင့် ဒုက္ခလို့ မဟောလား။ ကဲ ချိုရသာ ရူပက္ခန္ဓာ တရားက စားတော့ ၀ါးကြည့်ပြီးတော့ မမျိုရဘူးလား။ မျိုတဲ့အခါ တွေ့သေးရဲ့လား။ ချိုရသာ ရူပက္ခန္ဓာတရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဘာသစ္စာလဲ။ ဒုက္ခသစ္စာလို့ ပိုင်းခြားလို့ သိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။ သမုဒယသစ္စာ သေတာနှင့် နောက်ခန္ဓာ မလာတာက။ ဟော သစ္စာလေးပါးတစ်စုံကွဲ့။ စားရင်းနဲ့ စားရင်းနဲ့။ အခုတော့ ဒါတွေက မပါပြီ။ ဟို ကြည့်လိုက် ဒီ ကြည့်လိုက် ဗျိုင်းလို နေတော့တာ။ ပျောက်ကုန်ပြီ ခန္ဓာက။ စဉ်းစားဖို့ မကောင်းလား။ နေ့လည်အခါမှ တရားထိုင်ဦးမယ် ကြားလား။ အခု လုပ်ပါတော့လား ။ တွေ့နေတာ။ ဟင် မြင်တဲ့အခါ မျက်စိမှာလုပ် ။ စားတဲ့အခါ လျှာမှာလုပ်။ အဲဒါကို နားလည်အောင်လို့ ဟောရတာဗျ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၀-ရက်၊အင်္ဂါနေ့
(၁၇.၅.၂ဝဝ၅)၊နံနက်(၈) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment