ရှေးအထက်ကျော်ကာရီက မကြားစဖူး ကြားဖူးထပ်မံ။ ရှင်ဘုရင်ကြီး တောလယ် ခစားသွားတယ်။ တောလယ် ခစားသွားတဲ့အခါ မျက်စိလည် လမ်းမှားလို့ ဆင်းကန်း တောတိုး တိုးသွားတာ။ ယာခင်းတစ်ခုကို ရောက်သွားတယ်။ အဲဒီ ယာခင်းက သူ့ခြံ ကိုယ့်ခြံ သူ့အကွက် ကိုယ့်အကွက် ။ အခါတိုင်းက အစောင့်အရှောက်တွေ လာတယ်။ ဒီကနေ့တော့ အမျိုးသမီးလေး တစ်ယောက်တည်း။ လူရှိတဲ့ဆ်ီကို လာတော့တာပေါ့။ အစာကပျက် ရေကငတ် လာခဲ့တာကိုး။
အမျိုးသမီးလေး ဆီ သွားလို့ ရေရှိရင် မစပါလို့ တောင်းတော့တာ။ အဲဒီလို တောင်းတဲ့အခါကျတော့ ဦးရယ် ဒီကနေ့တော့ ရေမယူခဲ့ဘူး။ ကြံရည် သုံးဆောင်မယ်ဆိုရင် ပေးပါမယ်။ အဲဒီလိုဆိုရင်လည်း ပေးစမ်းဟဲ့။ ရှေးကလည်း ကျတော့ ပန်းကန် ခွက်ယောက် လုပ်တဲ့သူတွေ မမွေးသေးဘူး။ ဝါးကျည်တောက်ကို ခွက်လုပ်ရတယ် ကြားလား။ ရေခွက် ရေခွက်။ ကြံပင်ခုတ်။ ကြွက်မြီးတန်းလို့ ထွက်တာ။ ခန့်မှန်းခြေ အစိတ်သား နှစ်ဆယ်သားလောက်ပေါ့။ သောက်ကြည့်တော့ သူကလည်း အစာပျက် ရေကလည်း ငတ်လာခဲ့တော့ မိန်မိန်ယှက်ယှက် အားရပါးရကြီး ဖြစ်သွားတော့တာပေါ့။
အင်း ငါ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တာ နှစ်ပေါင်းနှစ်ဆယ် ကြာပြီ။ အဲဒီလောက် ကောင်းတဲ့ ကြံရည် ငါ့ကို ဘယ်သူမှ မဆက်သဘူး။ ငတ်ပြီးတော့ လာတာတော့ သူမစဉ်းစားဘူး ကြားလား။ အင်း ငါ့ကို ဘယ်သူမှ မဆက်သဘူး။ မစဉ်းစားဘူး။ အမျိုးသမီးကလည်း တစ်ယောက်တည်း။ ကာယကံမြောက်အောင် ပြစ်မှားမယ် စိတ်ကူးတယ်။ ကြံခင်းလည်း သိမ်းမယ်လို့ စိတ်ကူးထည့်တယ်။ အဲဒီတော့ စိတ်ကူးထည့်တော့ ကုသိုလ်လား အကုသိုလ်လား (အကုသိုလ်ပါဘုရား)။
နောက်တစ်ခွက် ပေးစမ်းပါဦးကွာ။ သောက်ရတာ အားမရဘူး။ တောင်းတော့တာ… တစ်ခါခုတ်တော့ ကြံရည်က တစ်စက်မှ မထွက်ဘူး။ တစ်ပင်က နှစ်ပင် နှစ်ပင်က သုံးပင် ခုတ်…မထွက်။ ဆယ်ပင်ထိ ဆက်ခုတ်တာ တစ်စက်မှ မထွက်။ တော်တုန်းက ထွက်ပါရက်ကနဲ့ အခု ဘာကြောင့် မထွက်သလဲ မေးတော့တာ ။ မပြောတတ်ဘူး တော်။ ရှေးသူဟောင်းများ ပြောတာတော့ ကြားဘူးတယ်။ ဘယ်လိုများ ကြားဘူးလဲ။ တိုင်းပြည်အုပ်ချုပ်တဲ့ ရှင်ဘုရင် မင်းကျင့်တရား ဆယ်ပါးနဲ့ မညီညွတ်ရင် မိုးခေါင်တယ်လို့ ကြားတယ်တဲ့။ သူက ရှင်ဘုရင် ဖြစ်နေတာနော်။ စဉ်းစားတယ် အင်း စဉ်းစားတယ် ဝေဖန်တယ်။ ငါ မှားပြီ။ မှားပြီ။
အဲဒါနဲ့ မှားမှန်းသိတော့ ကန်တော့တာ တောင်းပန်တယ် ။ အခုလူတွေ တောင်းပန်တာ နဲ့ မတူဘူး။ အခုလူတွေ တောင်းပန်တာက အဲဒါ ကျုပ်မှာ ရှိတဲ့ အပြစ်ကို ခွင့်လွတ်ပါ။ အဲသလောက်ကို။ အဲဒီတော့ ဟိုလူ တောင်းပန်တာက ကိုယ်မှားတဲ့အတိုင်း တောင်းပန်တာ။ မင်းပေါ်မှာလည်း ကာယကံမြောက်ဖို့ စိတ်ကူးတယ်။ အဲလို ကြံခင်းလည်း သိမ်းဖို့ စိတ်ကူးတယ်။ကိုယ်… ပွင့်ပွင့်လင်းလင်း အဲဒီလို အပြည့်အစုံ တောင်းပန်တာ။ အခု လူတွေက ဖွက်ထားတာ။ ကြားရဲ့လား။ အင်း အကျိုးပေးချင်း ကွာတယ်။ အဲဒါ ခွင့်လွတ်ပါတဲ့ ကြားလား။
အသင် မှားတာ ငါ ဘယ်သိမလဲတဲ့။ စိတ်နဲ့မှားတာ သိပါ့မလား (မသိပါဘူးဘုရား)။ ကဲ ကာယကံနဲ့မှားတယ်ဆိုရင်တော့ သိတာပေါ့။ ဝစီကံနဲ့မှားရင်တော့ သိတာပေါ့။ စိတ်နဲ့မှားတာ ဘယ်သိမလဲ။ ကဲ အဲဒီအမျိုးသမီးလေးက မသိငြားသော်လည်း ကြံရည် ထွက်ရဲ့လား (မထွက်ပါဘူးဘုရား)။ ဓာတ်က သိတယ်ကွဲ့။ ဓာတ်က သိတယ်။ လိမ်ဖို့ရာ စိတ်မကူးနဲ့။ ကိုယ်စောင့်နတ်က အမြဲတမ်း စာရင်းမှတ်တာ။ ကြားလား။ ကိုယ်စောင့်နတ် မှတ်တာ။ ကိုယ်လုပ်တဲ့ ကုသိုလ်လည်း မှတ်တယ်။ အကုသိုလ်လည်း မှတ်တယ်။ စဉ်းစားဖို့ မကောင်းလား (ကောင်းပါတယ်ဘုရား)။ အဲတော့ ယုံယုံကြည်ကြည်နဲ့ လေ့လာဖို့မကောင်းလား (ကောင်းပါတယ်ဘုရား)။ အဲလို သုတ အကြားအမြင်ရှိလို့ သာ ဒါ ကုသိုလ် အကုသိုလ် ဆင်ခြင်ဖို့ မလိုဘူးလား (လိုပါတယ်ဘုရား)။ အဲဒါ အကျိုးအပြစ်ကို တောင်းပန်တော့ကာ ခွင့်လွတ်လို့ ခွင့်လွတ်တယ်။ ကဲ နောက်တစ်ခွက် ပေးစမ်းပါလို့ ခုတ်ကြည့်တော့ ကြံရည်ထွက်လာခဲ့တယ် ကြားရဲ့လား။ ကဲ နောက်တစ်ခါ ပြန်ပြီးတော့ အမှား အမှန်။ မှားမှန် နှစ်ပါး သိတော့ အကျိုးအပြစ်တွေပြော တော့ ကန်တော့ တောင်းပန်တဲ့အခါ ကုသိုလ်လို့ မဟောဘူးလား (ဟောပါတယ်ဘုရား)။ ကဲ တစ်ခါ ပြန်ခုတ်တော့ ကြံရည် ထွက်မလာဘူးလား (ထွက်လာပါတယ်ဘုရား)။ မကန်တော့ခင် မှားမှန်း မသိခင်တုန်းက ကြံရည်ထွက်ရဲ့လား (မထွက်ပါဘူးဘုရား)။
အခုလည်း စီးပွားရေးလုပ်တဲ့အခါ အဆင်မပြေတာ အကုသိုလ် ဝင်တယ်လို့ စဉ်းစားစမ်းပါ။ ကြားလား။ အကုသိုလ် ဝင်တယ်လို့ စဉ်းစားစမ်းပါ။ ပြေတာ ကုသိုလ်လှည့်တယ်လို့ ယူဆပါ။ ကြားလား။ အဲလို စိစစ်ဖို့မကောင်းလား (ကောင်းပါတယ်ဘုရား)။ သိမှ ပယ်နိုင်တာနော်။ အဲလို လေ့လာဖို့မကောင်းလား (ကောင်းပါတယ်ဘုရား)။
အဲဒါ ဘယ်ပေါ်မှာ မှားတာလဲလို့ ဆန်းစစ်ဖို့ မကောင်းလား (ကောင်းပါတယ်ဘုရား)။ သုံးဆောင်တော့ ကြံရည်နော်။ အဲဒီ ကြံ … ချိုဆိုတဲ့ ရသာဓာတ်။ သောက်တုန်းက ကြံရည်။ တွေ့တာက ကြံလား ချိုတဲ့ ရသာဓာတ်လား (ချိုတဲ့အရသာဓာတ်ပါဘုရား)။ ချိုရသာ ရူပက္ခန္ဓာတရားပေါ်မှာ ကြံအနေနှင့် စုပ်ချင်မှု သောက်ချင်မှု စားချင်မှုဟာ လောဘတဏှာ သမုဒယသစ္စာ။ လောဘတဏှာ သမုဒယသစ္စာ အကြောင်းရှိရင် အကျိုးခန္ဓာ မရဘူးလား (ရပါတယ်ဘုရား)။ ခန္ဓာရ အိုနာသေ လွတ်ပါ့မလား (မလွတ်ပါဘုရား)။ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါဘုရား)။ အော် သမုဒယကြောင့် ဒုက္ခလို့ မဟောဘူးလား (ဟောပါတယ်ဘုရား)။ ကဲ နှလုံးသွင်း မှားတာ သမုဒယနော်။ အကြာင်းရှိတော့ အကျိုးတရားတွေ မပေါ်လား (ပေါ်ပါတယ်ဘုရား)။ ကဲ အိုနာသေ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါဘုရား)။ သမုဒယ ဒုက္ခလို့ မဟောဘူးလား (ဟောပါတယ်ဘုရား)။ ဒါ မှားတာကို ပေါ်လာပြီ။
မှားတာ ပေါ်တော့ သစ္စာဖွဲ့တော့လေ။
ချို ရသာ ရူပက္ခန္ဓာတရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဒုက္ခသစ္စာ။
ဒုက္ခသစ္စာလို့ ပိုင်းခြားသိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။
သမုဒယသစ္စာ သေတာနဲ့ နောက်ခန္ဓာ မလာတာ နိရောဓသစ္စာ။
မှန်တာက နှစ်ပါး မှားတာက နှစ်ပါး ။အဲဒီ လေးပါးကို သိမှ သောတာပန်ဗျ။ သစ္စာလေးပါး သိမှ သောတာပန်။ ဒီတော့ ပယ်ရမည့် တရားက သမုဒယ ဒုက္ခ လက်ခံသိမ်းပိုက်ရမည့် တရားက မဂ္ဂနိရောဓလို့ မဟောဘူးလား (ဟောပါတယ်ဘုရား)။ အဲဒီလိုသိမှ ပယ်နိုင်တာနော်။ မသိ ပယ်နိုင်ပါ့မလား ။(မပယ်နိုင်ပါဘူးဘုရား)။ သိအောင် ကြိုးစား။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ ။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ လောကချမ်းသာဘုရားကြီး၌
၁၃၆၇ ခုကဆုန်လပြည့်ကျော် ၈ရက် တနင်္လာနေ့ (၃၀.၅.၂၀၀၅) ည(၇)နာရီ အချိန်တွင် ကျင်းပပြုလုပ်အပ်သော ဝိပဿနာ (၅) ရက်တရားစခန်း၏ စခန်းသိမ်းပွဲ၌ ဟောကြားဆုံးမတော်မူအပ်သော ခန္ဓာဉာဏ် ရောက် ဒိဋ္ဌိဖြုတ် တရားတော်။ မှ
စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment