Wednesday, July 8, 2015

ခေါ်တိုင်း မလိုက်ကြနဲ့နော်။

ခေါ်တိုင်း မလိုက်ကြနဲ့နော်။
≥Ö‿Ö≤≥Ö‿Ö≤≥Ö‿Ö≤≥Ö‿Ö≤

ခန္ဓာ၅-ပါး မြင်ဆဲ ကြားဆဲ နံဆဲ စားဆဲ ခန္ဓာ၅-ပါး ကို ပိုင်းပိုင်းခြားခြား တကယ် သိရင်  ကမ္ဘာ လဆန်း တရက်ကစ ပြီးတော့မှ အမှတ်မှားခဲ့တာတွေ မပျောက်လား။
အသိမှားခဲ့တာတွေ မပျောက်လား။အမြင်အယူအဆ မှားခဲ့တာတွေ မပျောက်လား။
ပျောက်ရင် ဒါ ဝိပလ္လာသတရား ၃-ပါးပြုတ်တော့တာပေါ့။

ပြုတ်ရင် သက္ကာယဒိဋ္ဌိ ဖြစ်သေးသလား။
သက္ကာယဒိဋ္ဌိမဖြစ်တော့ဘူးနော်။
သက္ကာယဒိဋ္ဌိ မဖြစ်ရင် သက္ကာယဒိဋ္ဌိ ပြုတ်လို့ပေါ့။
မပြုတ်ရင် သက္ကာယဒိဋ္ဌိ ဖြစ်မှာပေါ့။

သက္ကာယဒိဋ္ဌိ ပြုတ်တဲ့ ပုဂ္ဂိုလ် သူ့အသက် သတ်ဦးမလား။
သူ့ဥစ္စာ ခိုးဦးမလား။
သူများလင်သားမယားတွေ စော်ကားဦးမလား။
စားဝတ်နေရေး နည်းအမျိုးမျိုးနဲ့ လိမ်ဦးမလား။
ဘုရားမကြိုက်တာကား မှီဝဲဦးမလား။
အဲဒါကြောင့် “သက်သတ် ခိုးမှု ကာမေသု မုသား မိစ္ဆာ ကင်းပြတ်ကွာ မှတ်ပါ သောတာပန် ”လို့ မဟောလားကွဲ့။
အဲသလို စဉ်းစားဖို့ကောင်းတယ်နော်။

တခါ ရှေး လောကီသူတော်ကောင်းကြီးတွေ မရှိကြဘူး လား။ ပါဏာတိပါတာအစ သုရာမေရယ အဆုံး လေ။
အဲဒါအားလုံး သတ္တဝါတွေမှာ မိမိက ရှောင်ကြဉ်လို့ ရှိရင် ကုသိုလ် မဖြစ်ဘူးလား။အဲဒါကျုးလွန်ရင် အကုသိုလ် ပေါ့။
အဲသလို ပုဂ္ဂိုလ်သတ္တဝါအရှိ နဲ့ရှောင်ကြဉ်ပြီးတော့ နေတဲ့ လောကီသူတော်ကောင်းကြီးတွေ မရှိဘူးလား။ ရှိတယ်နော်။
သူတို့တွေ ဒိဋ္ဌိပြုတ်ကဲ့လား။
ဝိစိကိစ္ဆာ ချုပ်ကဲ့လား။
မချုပ်ရင် သမာဒါနသီလပေါ့။

ဟိုက ရုပ်ကိုသိတယ် နာမ်ကိုသိတယ် ဓါတ်ကိုသိတယ် ပရမတ်ကို သိတယ်နော်။အဲသလို သိတဲ့အခါကျတော့ ပုဂ္ဂိုလ်သတ္တဝါတွေ့သေးရဲ့လား။
မတွေ့တာ ရှိလို့လား မရှိလို့။
မရှိရင်- ပုဂ္ဂိုလ် သတ္တဝါ မရှိရင် အသတ်ခံမည့် ဟာကား ရှိရဲ့လား။ သတ်မည့် ပုဂ္ဂိုလ်ရှိရဲ့လား။
အဲသလို သိတော့မပယ်လား။
အေး ပယ်တယ်နော်။အဲသလို စိစစ်ဖို့မကောင်းလား။

အဲဒီသီလကျတော့ ကျောက်စာတိုင်ကြီး ကဲ့သို့ပေါ့။
မယိုင်းမယိမ် ကျောက်စာတိုင်ကြီးလို့ ပြောတယ်မို့လား။
ခြေပြလက်ပြနဲ့ဘဲ ပြောပြော နှုတ်ကဘဲပြောပြော လောကထဲမှာ အရှက်တကွဲ ကိုယ့်အကျိုးနည်းအောင် ပြောချင်သလိုပြောနော်။ အဲလို ကျောက်စာတိုင်ကဲ့သို့ သီလရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ကဲ ပြန်ပြီးတော့မှ တုန့်ပြန်သေးရဲ့လား။ ပြန်လို့ဆဲသေးရဲ့လား။ခြေနဲ့ လက်နဲ့ကား တုန့်ပြန်သေးရဲ့လား။မပြန်တော့ဘူးနော်။အဲဒါ သိတော့တာကိုး သိတော့မပယ်လား။အဲဒါဆဲတယ်ဆိုတာ အကုသိုလ် ပေါ့။

ဒါဆင်းရဲတဲ့တရားလို့ မသိဘူး လား။ သိတော့ဆဲသေးရဲ့လား။
ခြေနဲ့လက်နဲ့ကား လုပ်သေးရဲ့လား။သိတော့ပယ်တော့တာ။
ကိုယ့် ကို အယုတ္တအနတ္တပြောတဲ့ ပုဂ္ဂိုလ် ကို မမုန်းတဲ့အပြင်မှာ မသနားဘူးလား။သူ့တောင် သနားသေးတယ်နော်။
ဒီနေရာထိအောင်ကျ စိတ်ဆိုးရမှာကွဲ့။

အပြောမခံနိုင် ဆဲရမှာ။ ဟော သူတလှည့် ကိုယ်တလှည့်လေ။
ကဲ ပြန်ဆဲသေးရဲ့လား။ ဘယ်လောက်များ အဖိုးတန်သလဲ အဲဒီသီလ-ကြည့်စမ်း။
ကွာ အဖိုးတန်လိုက်တဲ့သီလနော်။ ဒေါသမပွားဘူး ကြားလား။အဲသလို သိဖို့မကောင်းလား။
အဲဒီနေရာ အတုယူဖို့မကောင်းလား။အေး အဲသလောက်ထိ အဖိုးတန်တယ်။အဲဒီသီလကမှ အနှစ်ပြည့်တာဗျား။

ကဲ သူ့ကိုတောင် ပြန်သနားသေးတယ်နော်။ သနားမှာပေါ့ သူ့ က အကုသိုလ်ဖြစ်နေတာကိုး။
ကဲ သူ့အကုသိုလ်ဖြစ်တာ ပြန်ပြီးတော့မှ ခန္ဓာမသိ သစ္စာမသိရင် ပြန်ပြီးတော့ မဆဲပေဘူးလား။ သူတပြန် ငါတပြန်ပေါ့။
ကုသိုလ်လားအကုသိုလ်လား။
သြော် အကုသိုလ် ပေါ့။အကုသိုလ် ဆိုတော့ ဟိုကတွေ အကုသိုလ် ဆင်းရဲတာ အပါယ်သွားမှာပေါ့။ အပါယ်က လွတ်ပါ့မလား။
ဟိုက ပြန်ဆဲတဲ့ ပုဂ္ဂိုလ်က လည်း နေဦးကွာ မင်းချည်းမသွားပါနဲ့ ငါလည်းလိုက်ပါရစေဦးပေါ့။
ပြန်ဆဲရင် ငါလည်းလိုက်ပါရစေဦး ။ဒီလိုတွေ မနေဘူးလား။

အေးအခုလည်း ခေါ်တိုင်း မလိုက်ကြနဲ့နော်။ သေချာချာ လေ့လာကြ။
အေး အဲဒါ သတိထားကြဦးဗျား။
ကျေးဇူးတော်ရှင်မုံလယ်ဆရာတော်ဘုရားကြီး
၁၉၉၄-ခု ပခုက္ကူ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်။

(Mc. မယ်တော်ကြီး ဒေါ်ညွန့်စုဆောင်းထားသော ရှေးတိပ်ခွေတရားတော်များမှ အသံတော်အတိုင်း ရေးသားပူဇော်ပါသည်။
ချမ်းသာခြင်းလက်ငင်းရကြပါစေ-
မဂ် စခန်း တက်လှမ်းနိုင်ကြပါစေသော်။
အရှင်တေဇနိယ မုံလယ်ဇ) — — —

No comments:

Post a Comment