Wednesday, July 8, 2015

ပညတ် ပရမတ်ပိုင်းခြားပုံ(လက်ငါးချောင်း ဥပမာပြ)


ဉာဏ်ဆိုတာ... ခန္ဓာကို သိတာ၊ အာယတနကို သိတာ၊ ဓါတ်ကို သိတာ၊ သစ္စာ သိတာ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးကို သိတာ ဉာဏ်ကွဲ့။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ပညာမဂ္ဂင်နှစ်ပါး။  သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ သမာဓိမဂ္ဂင် သုံးပါး။ ပေါင်းလိုက်တော့ ရှုဉာဏ် မဂ္ဂင် ငါးပါးပေါ့။ အမြင်ခံ၊ အရှုခံက ခန္ဓာငါးပါး။ ရှုဉာဏ်က မဂ္ဂင် ငါးပါး။  အာရုံ  အာရမ္မဏိက..ပိုင်းခြားလို့ရှိရင် ခန္ဓာငါးပါးက အာရုံတရား၊ မဂ္ဂင်ငါးပါးက အာရမ္မဏိက တရား။ အာရုံ  အာရမ္မဏိကလို့ မဟောလား။ အဲဒါ သိဖို့ လိုတယ်ကွဲ့နော်။
လိုရင်းအချက်က ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာ သုံးပါးမှာ ဉာတပရိညာ...   နံပါတ်တစ်။ ဉာတပရိညာ ဆိုတာ ပညတ်နဲ့ ပရမတ် ပိုင်းခြားဖို့ လိုတယ်ကွဲ့။ ပညတ်နဲ့ ပရမတ် ပိုင်းခြားဖို့ လိုတယ်။ ဘယ်လိုတွေ ပိုင်းခြားရမှာလဲလို့ စဉ်းစား။ အဖေ မိဘ မွေးတဲ့ မျက်စိနဲ့ ကြည့်လိုက်။  လက်ဝါး-လက်ငါးချောင်း၊ ဒါလက်ဝါး-လက်ငါးချောင်း မမြင်ကြဘူးလား။ မြင်တယ်။ အဲဒါ အဖေ မိဘ မွေးတဲ့ မျက်စိနဲ့ ကြည့်တာ။  ဘုရားပေးတဲ့ ၀ိဇ္ဇာဆိုတဲ့ မျက်မှန်နဲ့ တပ်ကြည့်လိုက်။ လက်ဝါး-လက်ငါးချောင်းလား အဆင်းဓာတ်လား။ အဆင်းဓာတ်။ အဆင်းက ပရမတ်။ လက်ဝါး-လက်ငါးချောင်းက ပညတ်။ ပညတ်ဆိုတာ ခေါ်တာ ပြောတာ ရှိတဲ့တရား မဟုတ်ဘူး။ စဉ်းစားဖို့ မကောင်းလား။ အဲဒါ ကြားဖူးမှ နားဝတာ။ နားဝမှ တရားရတာ။ အဲလို စိစစ်ဖို့လိုတယ်။ အဲဒါစဉ်းစား ကိုယ်ထင်တာနဲ့ တွေ့တာနဲ့ ပိုင်းခြားဖို့ မလိုဘူးလား။ အဲဒါ လက်ငါးချောင်း ရှိသမျှ သက္ကာယဒိဋ္ဌိ ဖြစ်မယ်။
အဖေမိဘ မွေးတဲ့ မျက်စိနဲ့ကြည့် လက်ငါးချောင်း။ ဘယ်လိုမှ ဖျောက်လို့ မရဘူး။ လက်ငါးချောင်းမှ ဖျောက်လို့ မရရင် ကိုယ်ကောင်ကြီးကား ပျောက်ပါမလား။ မပျောက် ရင် သက္ကာယဒိဋ္ဌိ ပြုတ်ပါ့မလား။  သက္ကာယဒိဋ္ဌိ မပြုတ်ဘူး။ ကဲ အဲဒီ လက်ငါးချောင်း လက်ဝါး-လက်ငါးချောင်းကို ဘုရားပေးတဲ့ ၀ိဇ္ဇာဆိုတဲ့ မျက်မှန်ကို တပ်ကြည့်။ လက်ဝါးကိုမြင်တာလား အဆင်းကိုမြင်တာလား။ လက်ငါးချောင်း မြင်တာလား အဆင်းကိုမြင်တာလား။ အဆင်းကိုမြင်တယ်။ ကဲ လက်ဝါးလည်း မတွေ့ လက်ငါးချောင်းလည်း မတွေ့ဘူး။ 
ကဲ တစ်ခါ ပြန် စဉ်းစားဦး။ အဲဒါ လက်မလို့ မထင်ဘူးလား။ ရှိတယ်လို့ မယူဘူးလား။ အဲဒါ အဖေ မွေးတဲ့ မျက်စိနဲ့ ကြည့်တော့ကာ လက်မပေါ့ကွ။ လက်မ ရှိတယ် လို့ မယူဘူးလား။ လက်မလို့ကား မထင်လား။ ရှိတယ်လို့ မယူလား။ ကဲ ဘုရားပေးတဲ့ ဉာဏ်လက်နဲ့ ကိုင်စမ်းကြည့်။ လက်မ တွေ့တာလား မာတာ တွေ့တာလား။ မာတာ ပထ၀ီ။ မာသဘော၊ မာဓာတ်၊ မာပရမတ်။ ပရမတ်ဆိုတာ လက်မလို့ ဘယ်လိုပါ့ သမုတ် သမုတ်၊ လက်မလို့ ခေါ်ချင်သလိုခေါ်၊ မာတာက ပြောင်းရဲ့လား။ တွေ့တာက လက်မတွေ့တာလား မာတာတွေ့တာလား။ဒါ..မာသဘော။ အကောင်အထည် မဟုတ်ဘူး။ သဘော ဆိုတာ အကောင်အထည် မဟုတ်ဘူး။ စဉ်းစားနော်။ အဲလို စိစစ်ဖို့ မကောင်းလား။
ကဲ အဲဒီ မာသဘော မာဓာတ်ကို မျက်လုံးနဲ့ ကြည့်လိုက်။ မြင်ရပါ့မလား။ မမြင်ရဘူး။ မျက်လုံးနဲ့ ကြည့်တဲ့အခါ အဆင်းဓာတ်ပေါ့။ ကဲ မျက်လုံးနဲ့ ကြည့်တာ အဆင်းပဲ မြင်ရတယ်နော်။ အဲဒီ အဆင်းလို့ ထင်လို့ လက်က ကိုင်စမ်းကြည့်။ အဆင်းကို တွေ့မလား မာတာ တွေ့မလား။ စဉ်းစား။ ၀ိပဿနာဉာဏ်ကွဲ့။  မာတာတွေ့တယ်။ ကဲ တစ်ခါ လက်မလား မာတဲ့သဘောလား။ မာတာက ပရမတ် လက်မက ပညတ်။
မာတာ ဘယ်နှယ့်ကြောင့် ပရမတ်လို့ ခေါ်တာလဲ။ အဲဒီ မာသဘော၊ မာဓာတ်၊ မာပရမတ် ပေါ်မှာ လက်မလို့ မသမုတ်ဘူးလား။ လက်မလို့မခေါ်လား။ အဲဒါ သမုတ်တာ ခေါ်တာ ဘုရား ပယ်ရဲ့လား။ မပယ်ဘူးနော်။ ညီတော် အာနန္ဒာ မခေါ်လား။ သားတော် ရာဟုလာလို့ မခေါ်လား။ ချစ်သ္မီး ချစ်သားတို့လို့ မခေါ်လား။ ဘုရား ပယ်ရဲ့လား။ ပယ်ဘူးကွဲ့။ နိုမို့ ဘာတွေ ပယ်တာလဲ စိစစ်ဖို့ မကောင်းလား။ လက်မလို့ မထင်ဘူးလား။ ရှိတယ်လို့ မယူလား။ ကဲ...ကိုင်စမ်းကြည့်တော့ လက်မတွေ့တာလား မာတာတွေ့တာလား။ မာတယ်လို့သိတာ သူ၊ငါလား ကာယ၀ိညာဏ်လား။ ကာယ၀ိညာဏ်က နာမ်တရား မရဘူးလား။ မာတာက ရုပ်တရား မရဘူးလား။ နာမ်၊ရုပ်နှစ်ပါး။ ဒါအလုပ်လုပ်လို့ သိတာဗျ။ ဘာ အလုပ်လဲ။ ဉာဏ်အလုပ်။ အဲလို စိစစ်ဖို့မကောင်းလား။ ဉာဏ်အလုပ်။ ဉာဏ်အလုပ်။
ကဲ လက်ညိုး  လို့် မထင်ဘူးလား။ ရှိတယ်လို့ မယူလား။ လက်ညိုး ထင်လို့ ကိုင်စမ်းကြည့် လက်ညိုး  တွေ့မလား မာတာ တွေ့မလား။ဟော မာတယ် ဆိုတာ ပထ၀ီပေါ့နော်။ မာတယ်လို့ သိတာ သူ၊ငါလား ကာယ၀ိညာဏ်လား။ ကာယ၀ိညာဏ်က နာမ်တရား မရလား။ မာတာက ရုပ်တရား မရလား။ နာမ်၊ရုပ်နှစ်ပါး။ လက်ညိုး လား နာမ်နဲ့ရုပ်လား။ လက်ညိုး က ပညတ် နာမ်ရုပ်က ပရမတ်။ ပညတ် ဆိုတာ ခေါ်တာ ပြောတာ ရှိတာ ဟုတ်ကဲ့လား။ နှုတ်ဖျားမှာဗျ။
ကဲ လက်လယ်လို့ မထင်ဘူးလား။  ကိုင်စမ်းကြည့် လက်လယ်တွေ့တာလား မာတာတွေ့တာ လား။ မာတာ ပထ၀ီပေါ့။ အဲဒီ မာတယ်လို့ သိတာ သူ၊ငါလား ကာယ၀ိညာဏ်လား။ နာမ်တရား မရလား။ မာတာက ရုပ်တရား မရလား။ နာမ်၊ရုပ်နှစ်ပါး။ လက်လယ်လား နာမ်နဲ့ရုပ်လား။ လက်လယ်လား နာမ်နဲ့ရုပ်လား။ နာမ်ရုပ်က ပရမတ်ပေါ့။ လက်လယ်က ပညတ်။ ပညတ် ပရမတ် ပိုင်းခြားဖို့မလိုလား။ ထင်တော့ လက်လယ်လို့ မထင်လား။ တွေ့တာက လက်လယ်လား နာမ်နဲ့ရုပ်လား။ သြော် ဉာတပရိညာ… အဲဒါကို သိဖို့ လိုတာ။အခု အဲတာက မတွေ့သေး မသိသေး အနိစ္စက အရင် ကျကျနေတာ။ စဉ်းစားဖို့ မကောင်းလား။ အဲလို စိစစ်ဖို့ လိုတယ်။
လက်သူကြွယ်လို့ မထင်လား။ ရှိတယ်လို့ မယူလား။ ဘုရားပေးတဲ့ ဉာဏ်လက်နဲ့ ကိုင်စမ်းကြည့်။ လက်သူကြွယ် တွေ့တာလား မာတာတွေ့တာလား။ မာတာက ပထ၀ီနော်။ မာတယ်လို့သိတာလေး က ကာယ၀ိညာဏ်က နာမ်တရား မရလား။ မာတာက ရုပ်တရား မရလား။ နာမ်၊ရုပ်နှစ်ပါး။ လက်သူကြွယ်လား နာမ်နဲ့ရုပ်လား။ သြော် နာမ်ရုပ်ပဲ တွေ့တယ်နော်။ လက်သူကြွယ် မတွေ့တာ ရှိလို့လား မရှိလို့လား။ မရှိ ဘယ်လို စွဲမလဲ။
လက်သန်းလို့မထင်လား။ ရှိတယ်လို့မယူလား။ ဘုရားပေးတဲ့ ဉာဏ်လက်နဲ့ ကိုင်စမ်းကြည့်။ လက်သန်း တွေ့တာလား မာတာ တွေ့တာလား။ မာတာ ပထ၀ီ။ မာတယ်လို့ သိတာ သူ၊ငါလား ကာယ၀ိညာဏ်လား။ ကာယ၀ိညာဏ်က နာမ်တရား မရလား။ မာတာက ရုပ်တရား မရလား။ နာမ်၊ရုပ်နှစ်ပါး။ လက်သန်းလား နာမ်နှင့်ရုပ်လား။
ကဲ လက်မ၊ လက်ညိုး၊ လက်လယ်၊ လက်သူကြွယ်၊ လက်သန်း အခု တွေ့နေတာက နာမ်နဲ့ရုပ်ပဲ တွေ့တယ်။
-လက်မ တွေ့သလား နာမ်ရုပ် တွေ့သလား။
-လက်ညိုး တွေ့သလား နာမ်ရုပ် တွေ့သလား။
-လက်လယ် တွေ့သလား နာမ်ရုပ် တွေ့သလား။
-လက်သူကြွယ် တွေ့သလား နာမ်ရုပ် တွေ့သလား။
-လက်သန်း တွေ့သလား နာမ်ရုပ် တွေ့သလား။
-လက်ဝါး တွေ့တာလား နာမ်ရုပ် တွေ့တာလား။ ဟော တော်တုန်းက…လက်မ၊ လက်ညိုး၊ လက်လယ်၊ လက်သူကြွယ်၊ လက်သန်း၊ လက်ဝါး ဘာဖြစ်လို့ မတွေ့တာလဲ။
ယုံရဲ့လား။ အဲဒါ တကယ် ယုံအောင်လို့ အမှန် သိအောင်လို့ ဟောနေရတာ။ ဒါကို ဟောနေတာ။ အဲဒါလေး ယုံကြည်ဖို့ လိုတာ။ ယုံကြည်ရင် ဒါ သိပြီဗျာ့ ။ကဲ အဲဒါ ထိုင်လို့ သိတာ ဟုတ်ကဲ့လား။ စဉ်းစားဦး။ စဉ်းစားတာ အလုပ်လုပ်တယ်လို့ ခေါ်တယ်ဗျာ့။ စဉ်းစားတာ   ဝေဖန်တာ ဟုတ် မဟုတ်။
ထင်တာက လက်မ၊ လက်ညိုး၊ လက်လယ်၊ လက်သူကြွယ်၊ လက်သန်း၊ လက်ဝါး။
တွေ့တာက နာမ်နှင့်ရုပ်။ ဘယ်က အမှန်ယူမလဲ။ နာမ်ရုပ်ယူမယ်။ ကဲ လက်မလည်း မတွေ့၊ လက်ညိုး မတွေ့၊ လက်လယ် မတွေ့၊ လက်သူကြွယ် မတွေ့၊ လက်သန်း မတွေ့၊ လက်ဝါး မတွေ့ရင် ကိုယ်ကောင်ကြီးကား တွေ့သလား။ တွေ့ရဲ့လား။ ကိုယ်ကောင်ကြီးမတွေ့။ ခြေ၊လက်၊အင်္ဂါ သုံဆယ့်နှစ် ကောဋ္ဌာသ မတွေ့ရင်၊ လူကား တွေ့ပါ့မလား။ လူက ပညတ်၊ နာမ်ရုပ်က ပရမတ်။ နတ်က ပညတ်၊ နာမ်ရုပ်က ပရမတ်။ ဗြဟ္မာက ပညတ်၊ နာမ်ရုပ်က ပရမတ်။ မိန်းမက ပညတ်၊ နာမ်ရုပ်က ပရမတ်။ ယောက်ျားက ပညတ်၊ နာမ်ရုပ်က ပရမတ်။
ပရမတ်ဆိုတာ မဖောက်ပြန်ဘူး။ ဘယ်လိုပါ့ ခေါ်ခေါ် ၊ခေါ်ချင်သလိုခေါ်၊သမုတ်ချင်သလိုသမုတ်။ နာမ်ရုပ်က နာမ်ရုပ်ပဲဗျာ့။ မပြောင်းဘူး ဒါမို့သူ့ကို ပရမတ်လို့ ခေါ်တာ။ ကဲ ထင်တာနဲ့တွေ့တာ ထင်တာကလူ တွေ့တာက နာမ်နှင့်ရုပ်။ ထင်တာကနတ် တွေ့တာက နာမ်နှင့်ရုပ်။ ထင်တာကဗြဟ္မာ တွေ့တာက နာမ်နှင့်ရုပ်။ ထင်တာကမိန်းမ၊ယောက်ျား တွေ့တာက နာမ်နှင့်ရုပ်။  တွေ့တာ နဲ့ ထင်တာ ဘယ်ကဟာကို အမှန်ယူမလဲ။သြော် သိတော့ မပယ်ဘူးလား။ နာမ်ရုပ်လို့ သိတာ သူ၊ငါ သိတာလား မဂ္ဂသစ္စာလား။ မဂ္ဂသစ္စာ သိပြီ။ ဘယ်မဂ်လဲ။ သမာဓိမဂ်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ ။

အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၀-ရက်၊အင်္ဂါနေ့
(၁၇.၅.၂ဝဝ၅) နေ့လည် (၂) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment